
**Weekend Movie:: The Judge**
အမှန်တရားဟာ တခါတလေ မျက်စိလည်တတ်ပါတယ်။ သူ့သူ လည်တာတော့မဟုတ်ပါဘူး။ တစုံတယောက်ရဲ့ ပယောဂကြောင့် အမှန်တရားဟာ တခါတလေမှာ တိမ်မြုပ်နေတတ်ပါတယ်။ လူတွေ သတ်မှတ်ထားတဲ့ ဥပဒေသတွေက တခါတလေ အမှန်တရားကို မျက်ကွယ်ပြုတတ်ပေမယ့် လောကပါလတရားကြီးကတော့ မျက်ကွယ် မပြုတတ်ပါဘူး။ အမှားကနေ အမှန်ဖြစ်လာဖို့ ကိုယ်ကိုတိုင်က ပါဝင်လုပ်ဆောင် ပြုပြင်ဖို့ လိုပါလိမ့်မယ်။
Hank Palmer (Robert Downey Jr.) ဟာ ရှေ့နေတဦး ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ defense attorney ( အပြစ်ရှိသူများဖက်မှ ခုခံ ချေပပေးသူ) တဦး ဖြစ်ပါတယ်။ ဒီအလုပ်မှာ သူဟာ အောင်မြင်သူ တယောက်ပါ။ Chicago မှာ နေထိုင်ပါတယ်။ တရက်မှာ အမူရင်ဆိုင် ဆုံးဖြတ်နေတုန်းမှာ phone call တခု ၀င်လာခဲ့ပါတယ်။ Hank ရဲ့ အမေဆုံးသွားတဲ့ သတင်းဖြစ်ပါတယ်။ ဒါနဲ့ပဲ Hank တယောက် သူ့ရဲ့ မွေးရပ်မြေ မြို့လေး ဖြစ်တဲ့ Carlinville မြို့လေးဆီသို့ ပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

_photo from Google_
Hank တို့ရဲ့ အိမ်ထောင်ရေးက သိပ်အဆင်မပြေလှပါဘူး။ လင်မယားချင်း ကွာရှင်းဖို့ အထိ ရှိနေခဲ့ပါတယ်။ သူတို့မှာ သမီးငယ်လေး တဦးလည်း ရှိပါတယ်။ လက်ရှိကိစ္စများကို ခဏမေ့ထားခဲ့ပြီး Hank တယောက် မွေးရပ်မြေဆီသို့ ပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေမှ Hank ရဲ့ အကို Glen (Vincent D’Onofrio) နှင့် Dale (Jeremy Strong) ဆိုတဲ့ ညီတယောက် ရှိပါတယ်။ Glen က အိမ်ထောင် ရှိပါတယ်။ Dale ကတော့ autistic ရောဂါ ခံစားနေရတဲ့ သူတယောက် ဖြစ်ပါတယ်။ သူဟာ သွားလေရာကို 8 mm အရွယ်အစား ရှိတဲ့ film camera တလုံး သယ်သွားလေ့ ရှိပါတယ်။
Hank အဖေက တရားသူကြီး တဦး ဖြစ်ပါတယ်။ Joseph Palmer (Robert Duvall) ဖြစ်ပါတယ်။ သူတို့ သားအဖ (၂) ယောက် တယောက်နှင့် တယောက် မဆုံဖြစ်တာ နှစ်အတော်ကြာနေပါပြီ။ သူတို့ တယောက်နှင့် တယောက် စကားကောင်းကောင်း မပြောဖြစ်တာလည်း အတော်ကြာနေပါပြီ။ ပြောရရင် သားအဖေတတွေ သိပ်မတည့်ကြပါဘူး။ ဈာပန ပွဲအပြီးညမှာ Joseph တယောက် ကုန်ဆုံဆိုင်သွားမယ်ဆိုပြီး ကားမောင်းထွက်ခဲ့ပါတယ်။ ထိုညက မိုးတွေ ရွာနေခဲ့ပါတယ်။ နောက်နေ့မှာ Hank တယေက် Chicago ကို ပြန်ဖို့ ပြင်ဆင်ပါတော့တယ်။ လေဆိပ်သွားနေတုန်း လမ်းတ၀က်မှာပဲ Hank ဆီကို phone ၀င်လာခဲ့ပြန်ပါတယ်။ မနေ့ညက သူ့အဖေ ကားမောင်းရင်း လူတယောက်ကို တိုက်ခဲ့တယ် ဆိုတာပါပဲ။


_photos from Google_
Joseph တယောက် တကယ်ပဲ လူတယောက်ကို တိုက်ခဲ့တာလား၊ တရားသူကြီးဟာ တရားခံ ဖြစ်နေခဲ့ပြီလား၊ Hank ကကော သူ့ ဖခင်ကို ကူညီပေးနိုင်ပါ့မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြပါလို့။
ဒီဇာတ်ကားလေးဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တရားခွင်မှာ ပြောဆိုကြတဲ့ စကားတွေ၊ နောက် Hank တို့ သားအဖ ပြောဆိုကြတဲ့ စကားတွေ၊ ဥပဒေကို လှည့်ပတ်ပုံလေးတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Drama အမျိုးအစား ဖြစ်တာမို့ ပျင်းနေမယ် ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဒီဇာတ်ကားလေးဟာ ထိုအမြင်၊ အထင်များကို ရိုက်ချိုးပြသွားပါလိမ့်မယ်။ စိတ်ဝင်စားဖွယ် တင်ဆက်ပြသထားပုံလေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ကဲ နောက်တပတ်မှ ပြန်ဆုံကြတာပေါ့။
**Director**
David Dobkin
**Cast**
Robert Downey Jr., Robert Duvall, Vera Farmiga, Billy Bob Thornton, Vincent D’Onofrio, Leighton Meester, Dax Shepard, Jeremy Strong, Sarah Lancaster
# **Don Jaun**
**MSC 31**