အိမ်ပြန်ချိန် ၀တ္ထု .......................လူခါး (၁) မိန်းမ ဟုသူ့ စိတ်ထဲမှတိတ်တဆိတ်ရေရွတ်ခဲ့ရသည့်အခါတိုင်း ကျောင်းသင်ခန်းစာထဲမှ ရေသည်မိန်းမကို သူ သတိရသည် ။  မြောက်မြို့ ရိုးကြားတွင် ဝှက်ထားသော ငွေလေးရွေးအား ကျဲကျဲတောက်ပူသည့် လေပူ၊ နေပူ၊ဖုန်ထူထူထဲတွင် ဝမ်းသာအားရ ပြေးလွှားရယူခဲ့သည့် ရေသည် ယောက်ကျားအားလည်းသတိရသည် ။ ထိုရေသည်ပြဇာတ်ထဲတွင် ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့ အရာ အပ်နှင်းခြင်းခံရသော ရေသည်ယောက်ကျားက ချစ်လှစွာသောရေသည်မိန်းမအား စီးတော်ယာဉ်နှင့် မူးကြီးမတ်လျာတို့ ကိုစေလွှတ်၍ မည်သူက ခေါ်စေသည်ဟု မဆိုစေဘဲ အိမ်ရှေ့ အာဏာသက်သက်ဖြင့် ခေါ်ယူစေခဲ့၏ ။  “ အစပ်ကတစ်ရာ အဖာကဗရဗျစ် မှောင်ကျအောင် ညစ်ပါတဲ့ ပုဆစ်အိမ်ကို ” ဟု တင်စားခေါ်ဝေါ်ရလောက်အောင် ဆင်းရဲမွဲတေလှသောရေသည်မိန်းမသည် အိမ်ရှေ့ စံဟူသည့်  အသံနှင့်အတူ မင်းခမ်းမင်းနား မူးကြီးမတ်လျာတို့ ကို မြင်သည်နှင့် စိတ်အစဉ်တွင် ကျေနပ်ပျော်ရွှင်လျှက် ရှိပေလိမ့်မည် ။ နန်းတော်သို့ ရောက်၍ မိမိအားခေါ်စေခိုင်းသူမှာ မြောက်မြို့ ရိုးကြားတွင် ဝှက်ထားသော ငွေလေးရွေးအားသွားယူမည်ဆိုသော ရေသည်ယောက်ကျားပင် ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရပါလျှင်မူ အတိုင်းအဆမရှိ ကျေနပ်ပျော်ရွှင်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။  ဟုတ်ပြီ ။ ဤ နေရာအထိ သူလက်ခံသည် ။ အကယ်၍ အိမ်ရှေ့ စံသည် ရေသည်ယောက်ကျားမဟုတ်ဘဲ တခြားသူ တစ်ယောက်ဖြစ်နေခဲ့ပါလျှင်ရော ။ ရေသည်မိန်းမတစ်ယောက် မည်သို့ တုန့် ပြန်မည်ကို သူ သိလိုလှပါသည် ။ဖြစ်နိုင်ချေ အရှိဆုံးကို တွေးဆရမည် ဆိုလျှင် ထမင်းတစ်နပ်မျှပင် နပ်မှန်အောင်မစား နိုင်သောရေသည်မိန်းမသည် အနည်းငယ် အံ့သြမှုဖြစ်ရုံမှတပါး အခြားစဉ်းစားနေလိမ့်မည်မဟုတ်ပါ ။ ............................................................................................................ (၂) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  လေယာဉ်ရပ်နားသည်နှင့် သူလည်း အများနည်းတူ “ JOB ” ဆိုသည့် ပြည်ပအလုပ်သမား များအတွက် သတ်မှတ်ထားသည့် လျှောက်လမ်းထဲမှ တက္ကစီကားတို့ ရှိရာသို့  လျှောက်လာခဲ့သည် ။  ကြိုတင်၍ ဖုန်းဆက်ထားသော်လည်း သူ့ ကိုလာကြိုသည့်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ ဘဲ ဖြစ်နေသည် ။ နီးရာတက္ကစီဒရိုင်ဘာအား “ အင်းစိန်ရွာမ အရှေ့ ” ဟု လိုရာခရီးကို သူပြောပြလိုက်စဉ်မှာပင် သာယာနာပျော်ဖွယ်ကောင်းသောအသံတစ်ခုက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည် ။ “ ကိုယ်ရေ...ဒီမှာ ထားရောက်ပြီ ” အသံနှင့်အတူ အငှားကားတစ်စီး သူ့ အနားထိုးရပ်လာသည် ။ကားပေါ်မှ ဆင်းလာသော အမျိုးသမီးကို မြင်သည်နှင့် သူ၏ စိတ်မှ “ မိန်းမ” ဟု တိတ်တဆိတ် ရေရွတ်မိလိုက်၏ ။ မှန်ပါသည်။ သူ၏ မိန်းမ ထား ဖြစ်ပါသည် ။ သူမသည် တိုင်းတစ်ပါး၌ ဒုက္ဒအမျိုးမျိုးကြားထဲမှ ပို့ ထားခဲ့သည့် သူ့ ချွေးနဲစာတို့ ဖြင့်  တင့်တယ်ချင်တိုင်း တင့်တယ်၍ နေလေသည် ။ သုံးနှစ်ဆိုသည့် သူတို့  နှစ်ယောက်ဝေးနေခဲ့သည့်အချိန်က သူမ၏အလှတို့ အား ညှိုးမှိန်သွားစေခြင်းငှါ မစွမ်းနိုင်တော့ဘူးလား ဟု သူတွေးမိသည် ။ ဒါမှမဟုတ် သူ၏ အိမ်အပြန်ခရီး အား နှစ်နှစ်လိုလိုရှိသည်ဟု မြင်သာထင်သာအောင် ပြင်ဆင်ချယ်သ လာခြင်းပေလား ဟု သူ မရုန့် မလွန်တွေးဖြစ်လိုက်သေးသည် ။  သူက မူလ စကားစထားသော တက္ကစီပေါ်သို့ ရှေ့ ခန်းမှ တက်ထိုင်လိုက်သည် ။ “ သြော်..ကိုယ်က ကားငှါးသွားပြီလား၊ ဒါဆို ဦးလေး ပြန်လိုက်တော့နော်” သူမက သူမစီးလာခဲ့သော ကားသမားအား ပိုက်ဆံတချို့ ထုတ်ပေးနေသေးသည် ။ ထို့ နောက် ကားနောက်ခန်းထဲသို့ သူမ ဝင်ထိုင်လိုက်သည်နှင့် ကားကလေးက လေယာဉ်ကွင်းထဲမှ အရှိန်ပြင်းသည့် မြားတစ်စင်းပမာ ပြေးထွက်လာခဲ့တော့သည် ။ ........................................................................................................ (၃) “HIV positive” သွေးအဖြေစာရွက်မှ HIV positive ဆိုသည့် စာတန်းအားဖတ်ရင်း သူ့ နှုတ်ခမ်းအစုံတို့  က အထက်သို့ မသိမသာ ကွေးတက်သွားကြ၏ ။ “ ရော့ ဖတ်ကြည့် ၊ မင်း ငါ့ကို မပေါင်းချင်တော့ရင် အခုတစ်ခါထဲ တရားရုံးသွားပြီးကွာရှင်းမယ် ” ပထမဆုံး သူ သတိထားလိုက်မိသည်က ပြူးကျယ်သွားသော သူမ ၏ မျက်ဝန်းများ ။ ထို့ နောက် တစ်ပေါက်ချင်းလိမ့်ဆင်းလာသည့် မျက်ရည်စက်များ ။ “ ဘယ်လိုပြောလိုက်တာလဲ ကိုရယ် ၊ ထား..ထား....ကိုယ် ဘယ်ဘဝရောက်ရောက် ထားက ကိုယ့်ရဲ့ ဇနီးပါ” “ဟင်း..ဟင်း” သူ တစ်ချက်မချိပြုံး ပြုံး လိုက်မိသည် ။ ဒီလို အချိုးမျိုးနှင့် သူ့ ကို ပြုစားလို့ ရမတဲ့လား။ ကျစမ်း..မင်းမျက်ရည်တွေ ကျစမ်း မိထား ။ ငါ့မိဘနှစ်ပါးရဲ့ ပေးစရာ အကြွေးတွေ နဲ့  ငါ့ဘဝကို မင်းလက်ထဲ စတေးပစ်ခဲ့ရတာလေ ။ ခု ငါ့ကိုပိုင်ဆိုင်ရတဲ့အတွက် မင်းဘယ်လောက်နာကျင်ရမယ်ဆိုတာ ဒါပထမဆုံးသင်ခန်းစာပဲ ။ သူ့ ရင်ထဲမှ ပြောချင်သောအကြောင်းအရာတို့ ကစကားလုံးတို့ အဖြစ်နှုတ်ခမ်းဖျားသို့  ရောက်မလာကြတော့။ မြန်မာပြည်သို့ ပြန်လာခါနီး သူ့ သူငယ်ချင်း ဒေါက်တာ ဝေလင်းဦးဆီသို့  ဖုန်းဆက်ခဲ့သည့်နေ့ ရက်ကိုပြန်သတိရမိသည် ။ထိုနေ့ က တိုက်ဆိုင်စွာပင် သူနှင့် ဝေလင်းဦးနှင့်  ပက်ပင်း တွေ့ ဖြစ်ကြသည် ။ “ ဟယ်လို ဒေါက်တာဝေလင်းပြောနေပါတယ် ခင်ဗျာ” “ ဟာ ဟေ့ကောင်ကြီး ၊ ငါရဲမင်းသိန်းပါကွ ။ ငါတစ်ပါတ်အတွင်း ပြန်လာခဲ့မယ် ။ အဲဒါ မင်းကို ကြိုပြီးအကြောင်းကြားထားတာ ” “ ဟကောင် ငရဲ ..ဝမ်းသာတယ်ကွာ၊ လာကြိုရမလားပြော” “ နေပါစေကွာ ၊ မိထားလာကြိုလိမ့်မယ် ။ မင်းကို အကူအညီတစ်ခုတောင်းစရာရှိလို့ ” “ ဟေ..ဘာများလဲကွ ။ မင်းဟာက ပြန်တောင်မရောက်သေးဘူး” “ ငါ ရန်ကုန်ရောက်ရောက်ချင်း မိထားကိုခေါ်ပြီးမင်းဆီလာခဲ့မယ် ။ ငါသွေးစစ်မလို့  ။ မင်းက ငါ့သွေးထဲမှာ ဘာမှ မတွေ့ တွေ့  HIV positive လို့ အဖြေပေးရမယ်” “ ဖွ..မပြောကောင်းမဆိုကောင်း ငရဲရာ ၊ မင်းဟာက ထားစိတ်ဆင်းရဲရမယ့် ကိစ္စကြီးကွ” “ မင်း မသိပါဘူးကွာ ၊မိထားကိုပညာပြချင်လို့ ကွ။မင်းသာငါပြောတဲ့အတိုင်းလုပ်။ လေယာဉ်တက်ခါနီးမှ တစ်ခါထပ်ဆက်မယ် ဒါပဲ”  ........................................................................................................... (၄) အတိတ်ကို အတိတ်၌သာထားခဲ့ချင်သော်လည်း အတိတ်သည် သူနှင့် အတူ အရိပ်တစ်ခုပမာ မကွဲမကွာ လိုက်ပါလာခဲ့သည် ။ တစ်နေ့ တွင် ဖေဖေက သူလုံးဝထင်မှတ်မထားသော စကားတစ်ခွန်းအား လေးလေးနက်နက်ပြောလာခဲ့သည် ။ “ သား ကိုရဲ ..သားကို ဖေဖေတို့ မိသားစုရဲ့  စီးပွားရေး အနေအထားနဲ့  ဆရာဝန်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုထားခဲ့သလဲဆိုတာပြောပြမယ် ” ဖေဖေ့စကားကိုကြားစ၌ သူ့ စိတ်တွင် ထင့်ခနဲ ဖြစ်မိသည် ။ ဖေဖေ့ရဲ့ ကားဝပ်ရှော့ လုပ်ငန်းနှင့်ပင်သူ ဆရာဝန်တစ်ယောက်ဖြစ်လာရတော့မှာ မဟုတ်ဘူးတဲ့လား ။ နောက်တစ်နှစ်ဆို သူဆရာဝန်ဖြစ်ပြီလေ။ဖေဖေတို့ မေမေတို့ ကို သူတတ်သည့် ဆရာဝန်ပညာနှင့် တစ်လှည့်လုပ်ကျွေးပြုစုမည်ဟု သူတွေးထားခဲ့၏ ။ ယခုတော့ ဖေဖေက သူလုံးဝထင်မှတ်မထားသော စကားဖြင့်နိဒါန်းပျိုးနေလေပြီ ။ “ ဖေဖေ တို့ လုပ်ငန်းနဲ့ သားဆရာဝန်ဖြစ်ဖို့ ဆိုတာမလွယ်ဘူးသား ။ ဒါကြောင့်  အရည်အချင်းလေးလည်းရှိ၊ ကြိုးစားချင်စိတ်လေးလည်း ရှိတဲ့သားကို ဖေဖေ့မိတ်ဆွေ ဒေါက်တာဇော်လင်းထွန်း တို့ မိသားစု ကပဲ ဆေးတက္ကသိုလ်ဆက်တက်ဖို့  တာဝန်ယူပေးခဲ့တာ ။ နောင်နှစ်ဆို သားလည်းဆရာဝန် ဖြစ်ပြီ ။ ဒီတော့ ဒေါက်တာဇော်လင်းထွန်းက အမိမဲ့နေတဲ့ သူ့ သမီးလေး ထားကို သူမျက်စေ့မမှိတ်ခင်မှာ သားနဲ့ နေရာ ချပေးခဲ့ချင်တယ်တဲ့ ။ ဖေဖေတို့ ကတော့ ခေါင်းညိတ်ခဲ့ပြီ” ဖေဖေ ကိုယ်တိုင်က ပြောနေသည့်စကားတို့ မှ ဟုတ်ပါလေစ ဟု သူ့ နားကိုပင် သူ မယုံချင်သလိုဖြစ်မိသည် ။ ဖေဖေတို့ ကတော့ ခေါင်းညိတ်ခဲ့ပြီတဲ့ ။ ကျေးဇူးရှင်မိဘ နှစ်ပါးကမှ ခေါင်းညိတ်ခဲ့လျှင် သူသည်လည်း ခေါင်းညိတ်ရုံသာ ရှိတော့သည်ပေါ့။ သို့ သော် ထို နေ့ မှ စ၍ သူ ဆေးတက္ကသိုလ် ဆက်မတက်ဖြစ်တော့ ။ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သည့်မိန်းမတစ်ယောက် ရှေ့ သို့ ဒူးထောက်ခစားပါမှ တိုးတက်ရမည့် သူ့  ဘဝကို သူကိုယ်တိုင် အညွှန့် ချိုးပစ်လိုက်၏။ သူနှင့် ထားဆိုသော အမျိုးသမီးတို့ ၏ မင်္ဂလာပွဲသည် သူ့ အတွက်တော့ အနာဂတ်တစ်ခုလုံး မီးလောင်တိုက်သွင်းသည့်ပွဲဖြစ်ခဲ့သည်။ ထားသည် ယောက်ကျားတစ်ယောက် စွဲမက်လောက်သည့် အိနြေ္ဒသိက္ခာနှင့် အလှတရားတို့  ပြည့်စုံသူ တစ်ယောက်ဖြစ်ပါသည် ။ သို့ သော် သူသည် နှစ်ဖက်မိဘ တို့  ခေါင်းချ ပြီးသည်နှင့် ထားနှင့်ဝေးရာသို့  ရွက်လွှင့်ခဲ့တော့သည် ။ ............................................................................................................ (၅) “ဖျန်း..” သူ့ ခန္ဓာကိုယ်တစ်ခုလုံးရှိအားတို့ က လက်ဖဝါးမှ တဆင့် ထား၏ပါးပြင်ပေါ်သို့  အရှိန်ပြင်းစွာ ကျရောက်သွားတော့သည် ။ သူမက နီရဲသွားသော ပါးပြင်အားလက်ဖြင့် ပွတ်လျက်မော့ကြည့်လာသည် ။သူမပိုင်ဆိုင်သမျှ အရာအားလုံးတို့ တွင် သူ အမုန်းဆုံးသည် သူမ၏ မျက်ရည်တို့ ဖြစ်သည် ။ သူက လက်ထဲမှ ဆေးထုပ်ဖြင့် ထားအား ပစ်ပေါက်လိုက်သည် ။ “ ဒါက ဘာလဲ မိရွှေထား ၊ ငါက ကလေးလိုချင်ပါတယ်ဆိုမှ မင်းက ငါ့ကို အရွဲ့  တိုက်ပြီး ဒီဆေးတွေကို ငါမသိအောင် စားနေတယ်ပေါ့ ။ ဘာလဲ ငါ့လိုရောဂါသည်တစ်ယောက်နဲ့ ရတဲ့ကလေး မင်းက မလိုချင်ဘူးပေါ့ ဟုတ်လား” “မဟုတ်..မဟုတ်ရပါဘူး..ကိုရယ် ” “ ဘာမဟုတ်ရမှာလဲကွ ၊ မင်းရဲ့ စိတ်ကို စမ်းချင်လို့  ငါ့မှာ HIV ရှိတယ်လို့  ဝေလင်းနဲ့ တိုင်ပင်ပြီး မင်းကို ညာထားတာ ။ မင်းက ခုတော့..” “ မဟုတ်ဘူး.........” သူမထံမှ ဤမျှလောက်ကျယ်လောင်သော အသံအား တစ်ကြိမ်တစ်ခါမှ သူမကြားဖူးခဲ့ပါ။ အခုတော့ သူမက သူ့ အား သွက်သွက်ခါအောင်ပင် ပြန်၍ အော်နေတတ်လေပြီ ။ “ မဟုတ်ရင် ဘာသဘာလဲ ။ ဘာသဘောလဲ ..ကဲ..မင်းပြော ” သူ ရှိသမျှ အားတို့ နှင့် သူမ၏ ပုခုံး နှစ်ဖက်အား ဆွဲခါပစ်လိုက်သည် ။ “ ထား...ကလေးယူလို့ မရဘူး..။ ထားမှာ HIV ရှိတယ်” “ ဘာ..” နားနှစ်ဖက်ကို လက်နှင့်အုပ်မိရင်း ယိုင်လဲကျလုမတတ်ဖြစ်သွားသော ခန္ဓာကိုယ်အား သူ အချိန်မီထိန်းထားလိုက်ရသည် ။ထို့ နောက် သူမနှင့် နီးနိုင်သမျှ နီးအောင် သူ တိုးကပ်သွားလိုက်မိသည် ။ “ ဘာပြောတယ်..၊ မင်းမှာ...မင်းမှာ HIV ရှိတယ် ။ ဟုတ်လား မိထား” “ ဟုတ်တယ်.။ ထားမှာ HIV ရှိတယ် ။ ဒါကြောင့် ဒီဆေးတွေ ..သောက်..သောက်...” “ကဲကွာ..ကဲကွာ.” “ဖျန်း....ဖျန်း" ရှိသမျှအားတို့ ဖြင့်  ဘယ်ဘက်ပါးရော ညာဘက်ပါး ပါ သူ ရိုက်ထည့်ပစ်လိုက်သည် ။ဖြစ်နိုင်လျှင် သူမကို သူ သတ်ပစ်လိုက်ချင်သည် ။ “ မင်းက အဲဒါကို ငါပြန်ရောက်စက ဘာလို့ မပြောတာလဲ ။ ငါ လိမ်ထားတာကို သိလို့ ပေါ့ ဟုတ်လား” “ မသိရပါဘူး ကိုရယ်..။ ထား....ထား....ကို့ ကိုယ် ချစ်လို့ ပါ..။ ကိုယ် နဲ့ ထား မခွဲနိုင်လို့ ပါ ” “ ဘာ..၊ မင်းက ငါ့ကို ချစ်လို့  ။ မင်းအဖေရဲ့ ကျေးဇူးတရားတွေနဲ့ ငါ့ကို သိမ်းပိုက်ထားပြီးတော့ ဘာအခု မှ ငါ့ကို ချစ်လို့ ။ ဟား...ဟား...သေလမ်းသွားမှ ငါ့ကို ချစ်လို့ ပေါ့.. ဟုတ်လား ” သူ့ ဒေါသတို့ က ထိုမျှ နှင့်ရပ်မသွား ။ သူမ၏ လည်တိုင်အား သူ့ လက်အစုံတို့ ဖြင့်  တင်းကျပ်စွာဖြစ်ညှစ်ပစ်လိုက်သည် ။ “ သေစမ်း..မိထား...၊ ငါ့ကို ယုတ်မာတဲ့ မိန်းမ” “ ဟေ့ကောင် ကိုရဲ ..မလုပ်နဲ့ ..၊ မင်းမှားမယ် ။ ဟေ့ကောင်ပြောလို့  မရဘူးလား...၊ ကဲကွာ. ကဲကွာ” အိမ်ထဲသို့ ပြေးဝင်လာသော ဒေါက်တာဝေလင်းဦး၏ အားပါလှသော လက်သီးများက သူ့ မျက်နှာဆီသို့  တရစပ်ပြေးဝင်လာကြသည် ။သူ့ ကိုယ်ခန္ဒာက ပြေလျော့သွားသော ဖွဲအိတ်တစ်အိတ်ကဲ့သို့  ရိတွဲကျသွား၏။ “ မင်းကမှ လူယုတ်မာကွ ။ မင်းပြန်လာပြီးသွေးစစ်တော့ မင်းကသာ ညာတယ်လို့ ပြောတာ ၊ မင်းမှာ HIV က တကယ်ရှိတယ်ကွ ” “ဘာ..” သူ့ ခေါင်းက ဝန်အပြည့်တင်ထားသော ကုန်တင်ကားကြီးနှင့်  အကျိတ်ခံလိုက်ရသလို ပရမ်းပတာဖြစ်သွားသည် ။ “ ငါ့ကို နားလည်အောင်ပြောပါ..၊ ငါ့မှာ ..ငါ့မှာ..” “ ဟုတ်တယ်..။ မင်းပြန်လာကတည်းက မင်းက HIV positive ။ မင်းက လိမ်ညာခိုင်းတာရော ..မင်းမှာတကယ်ရှိနေတာပါ ထားကို ပြောပြပြီး မင်းကို အားပေးကုသဖို့  ငါကြိုးစားခဲ့ပါသေးတယ်ကွာ ။ ဒါကို မင်းက ခရီးရောက်ခါစ ။ မင်းကို အတင်းအဓမ္မယူထားတယ်လို့ သူ့ ကိုစွပ်စွဲထားလေတော့ ၊ ငါသူ့ ကို ဘယ်လိုမှ ပြောပြလို့ မရဘူးကွာ ။ သူတစ်ယောက်ထဲ ငါ့ဆီလာပြီးသွေးစစ်တော့ သူ့ မှာ လည်း ကူးစက်ခံနေရပြီ ဆိုတာကို သိရက်နဲ့ ပျော်နေတယ်..ငရဲရာ..။ သူ ပျော်နေတယ် ။ ငါလည်း နင့်ကို ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်လှတဲ့ကောင် ဘာလို့ အသက်ပါပေးပြီးချစ်ရတာလဲလို့ မေးတော့ ဘာပြောလဲသိလား ငရဲ ။ မင်းကို ချစ်လို့ တဲ့ ။ မင်းကို ဆယ်တန်းကျောင်းသား ကတည်းက သူက ချစ်နေတာတဲ့ ။ မိန်းကလေး အိနြေ္ဒ သိက္ခာကို မငဲ့ သူ့ အဖေ ကို အတင်းပူဆာပြီး မင်းကိုရအောင်ကြိုးစားခဲ့တာတဲ့” သူ နားနှစ်ဖက်ကို ကယောင်ကတန်း ပိတ်ထားလိုက်မိသည် ။ ဒါဆို သူမှား သွားပြီပေါ့ ။ ထား..။ ထား ဘယ်မှာလဲ ။ သူ ထားကို အရေးတကြီး လိုက်ရှာမိလိုက်သည်။ “ထား..၊ထား မရှိတော့ဘူး ။ သူငယ်ချင်း ထားဘယ်ရောက်သွားပြီလဲ...ထား........ထား..” ................................................................. (၆) “လေယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာကြသည့် ခရီးသည်များရှင်... မကြာမီ အချိန်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  လေယာဉ်ဆင်းသက်တော့မည် ဖြစ်ပါသဖြင့်ထိုင်ခုံခါးပါတ်များပတ်ထားကြပါရန်လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်..ရှင်..” စပီကာမှ ထွက်လာသည့် လေယာဉ်မယ်ကလေး၏ ချိုမြမြအသံကြောင့် အိပ်ပျော်သွားခဲ့ရာမှ သူနိုးလာခဲ့ရတော့သည် ။ ချွေးစေးတို့ ဖြင့် ရွှဲနစ်နေသော သူ့ အား ဘေးချင်းကပ်ထိုင်လျှက်ရှိသည့် သူငယ်ချင်းမှ နားမလည်နိုင်စွာဖြင့် “ မင်းဘာဖြစ်နေတာလဲ..ကိုရဲ ” ဟု မေးသေးသည် ။သူ မဖြေမိတော့ပါ ။ သူ စဉ်းစားနေမိသည်က သူ ပြန်အလာကို စောင့်ကြိုနေမည့် ချစ်ဇနီး ထားအား သူ့ အပေါ် ယုံကြည်စိတ်ချနိုင်စေရန် သူ့  သူငယ်ချင်း ဒေါက်တာ ဝေလင်းဦး၏ ဓါတ်ခွဲစမ်းသပ်ခန်းသို့  ခေါ်၍ ရဲရဲကြီး သွေးစစ်ပြရန်သာ ဖြစ်ပါသည် ။  Original Credit
author | nyanlynnhtay | ||||||
---|---|---|---|---|---|---|---|
permlink | aimyapnundefinedn-0t-b977eec5b67f6 | ||||||
category | esteem | ||||||
json_metadata | {"links":[],"image":["https://img.esteem.ws/amk632k591.jpg","https://img.esteem.ws/wf8v6j2c8n.jpg","https://img.esteem.ws/6cv7ak1qif.jpg","https://img.esteem.ws/n6zy9czoae.jpg","https://img.esteem.ws/k1nxn3kcjs.jpg","https://img.esteem.ws/vou633mplv.jpg","https://img.esteem.ws/80b98nc788.jpg"],"tags":["esteem","good-karma","myanmar","life"],"app":"esteem/1.5.1","format":"markdown+html","community":"esteem"} | ||||||
created | 2018-03-15 06:36:12 | ||||||
last_update | 2018-03-15 06:36:12 | ||||||
depth | 0 | ||||||
children | 0 | ||||||
last_payout | 2018-03-22 06:36:12 | ||||||
cashout_time | 1969-12-31 23:59:59 | ||||||
total_payout_value | 0.392 HBD | ||||||
curator_payout_value | 0.122 HBD | ||||||
pending_payout_value | 0.000 HBD | ||||||
promoted | 0.000 HBD | ||||||
body_length | 12,067 | ||||||
author_reputation | 129,793,236,865 | ||||||
root_title | "အိမ်ပြန်ချိန် ၀တ္ထု" | ||||||
beneficiaries |
| ||||||
max_accepted_payout | 1,000,000.000 HBD | ||||||
percent_hbd | 10,000 | ||||||
post_id | 44,532,182 | ||||||
net_rshares | 162,076,072,900 | ||||||
author_curate_reward | "" |
voter | weight | wgt% | rshares | pct | time |
---|---|---|---|---|---|
good-karma | 0 | 56,883,325,538 | 0.06% | ||
demo | 0 | 50,526,073 | 0.06% | ||
feruz | 0 | 235,337,454 | 0.06% | ||
esteemapp | 0 | 102,915,421,948 | 0.06% | ||
banjo | 0 | 232,862,482 | 1% | ||
nyeinchan | 0 | 85,743,556 | 14.87% | ||
nyanlynnhtay | 0 | 465,994,946 | 100% | ||
alibaa | 0 | 612,499,578 | 100% | ||
sanaung53 | 0 | 594,361,325 | 100% |